ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၄၃၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၄၃၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးရန် လျာထားပြီး အောက်တိုဘာ တတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၄၃၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ လျာထားချက်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် တောင်သူများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၄၃၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားချက်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။

ကုလားပဲစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး အောင်မြင်ဖြစ်ထွန်းစေဖို့၊ အထွက်နှုန်းတွေ တိုးတက်စေဖို့အတွက် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင်၊ GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင်၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျ သုံးစွဲနိုင်အောင် တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် ရေဆင်း (၈)၊ ရေဆင်း (၁၁) ကုလားပဲမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကုလားပဲသီးနှံ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် အရည်အသွေးကောင်းသီးနှံများ ထွက်ရှိစေရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး စသည့် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ကုလားပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကုလားပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)