ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧကလျှင် စပါး  ၉၅ ဒသမ ၆၈ တင်းနှုန်း ထွက်ရှိ  

ပွင့်ဖြူ နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ဆောင်းသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာလဆန်းပိုင်းကစပြီး ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ တစ်ဧကလျှင် စပါး ၉၅ ဒသမ ၆၈ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ဒေသခံ တောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဆာဖိုးသာ၊ ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ၊ ဆင်းသုခ၊ မနောသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ဧရာပဒေသာ စသည့် စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြပြီး တစ်မြို့နယ်လုံး စပါးစိုက်ဧက ၇၀၀၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါ မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍  ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့တွင် စပါးစိုက်ဧက ၅၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၉၅ ဒသမ ၆၈ တင်း ထွက်ရှိကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့တဲ့ မိုးစပါးစိုက်ခင်းတွေကို ဒေသခံတောင်သူတွေက ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် နိုဝင်ဘာလဆန်းကစပြီး စတင်ရိတ်သိမ်း ခြွေလှေ့နေပြီဖြစ်ပါတယ်။

ဒီနေ့အထိ စပါး ၅၆ ဧကထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို စပါး ၉၅ ဒသမ ၆၈ တင်းနှုန်း ထွက်ရှိပါတယ်။ စပါးရိတ်သိမ်းခြွေလှေ့တာနဲ့ ပတ်သက်ပြီး အထွက်နှုန်းတွေ လျော့နည်းမှုမရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့ကြဖို့၊ ရိတ်သိမ်းပြီးစပါးများကိုလဲ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ထားသိုသိမ်းဆည်းကြဖို့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်။

နောက်ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနကလဲ တောင်သူတွေကို စပါးရိတ်သိမ်းတာတွေ ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ဖူလုံတဲ့အတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိကာ နှစ်စဉ် မိုးသီးနှံနှင့် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာဖူလုံ စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဈေးကွက်ရှိပြီး အထွက်နှုန်းကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် စပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှု မရှိသည့်အတွက် အထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။  

စပါးကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သော ကြောင့် စပါးကိုပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)