မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲတက်ရောက်

မြို့သစ် နိုဝင်ဘာ ၁၆

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါမုခ်ဦးရှေ့၌ ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ကွန်ကရစ်လမ်းသစ်အားကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအချိန်မှာ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူလူထုမှတင်ပြတောင်းဆိုသည့် ကျေးလက်ရေရရှိရေးနှင့်လမ်း၊တံတားလုပ်ငန်းများကို (Quick Win)အစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း၊ မြို့သစ်မြို့နယ်၊ရေပြည့်ကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းမကြီးအရှည်ပေ (၆၀၀) လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ရာ ကျေးလက်လမ်းများရေရှည်တည်တံ့အောင် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထိန်းသိမ်းပေးကြရန်နှင့်ဒေသခံပြည်သူများစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့်ကျေးရွာနေပြည်သူများအနေဖြင့်လည်း ဒေသလိုအပ်ချက်များအား ဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျေးရွာပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရေပြည့်ကျေးရွာ ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ပံ့ငွေကျပ် (၁၀)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သန်း(၂၀) စုစုပေါင်းငွေကျပ်သန်း(၃၀)ဖြင့် လမ်းအရှည်(၆၀၀)ပေရှိသည့် ကွန်ကရစ်လမ်းသစ်ကြီးပြီးစီးသည့်အတွက် ကျေးရွာနေပြည်သူများ၏  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးများစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)