စစ်တွေ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ ရှုခင်းသာလမ်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံး၊ အနောက်ဘက်ရှိ မြေကွက်လပ်၌ အများပြည်သူနားနေနိုင်ရန် သဲဖိုးပြီး ကွန်ကရစ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဦးကျော်မိုးက ရှုခင်းသာလမ်း၊ မြေကွက်လပ်၌ အများပြည်သူနားနေနိုင်ရန် သဲဖိုးပြီး ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က အများပြည်သူနားနေနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရေး၊ ရေဝင်ရေထွက်ကောင်း မွန်စေရေးနှင့် ခိုင်ခန့်ကောင်းမွန်စေရေးတို့အတွက် စနစ်တကျစေတနာထားဆောင်ရွက် သွားကြရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်မည့်နေရာအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှုခင်းသာလမ်းအပိုင်း(၃) ပွိုင့်အပန်းဖြေ စခန်းဘက်ခြမ်းတွင် ရေတားနံရံဘေးတလျှောက် ဒီရေလှိုင်းဒဏ်ကာကွယ်စေရန် Tetrapod အလုံး(၂၀၀)အား အသင့်ပြုလုပ်ပြီးနေရာချထားခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသင့်ပြုလုပ်ပြီး Tetrapod များအား စက်ယန္တရားများဖြင့် သယ်ယူနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသင့်ပြုလုပ်ပြီး Tetrapod များအား စက်ယန္တရားအင်အား၊ လူအင်အားများအသုံးပြုကာ နေရာချထားနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ၂၀၂၄-၂၀၂၅ အတွင်း ရှုခင်းသာလမ်းအပိုင်း(၃) ပွိုင့်အပန်းဖြေ စခန်းဘက်ခြမ်းတွင် ရေတားနံရံဘေး တလျှောက် ဒီရေလှိုင်းဒဏ်ကာကွယ်စေရန် Tetrapod အလုံး(၃၀၀)အား အသင့်ပြုလုပ်ပြီး နေရာချထားခဲ့မှု အခြေအနေနှင့် ယခုနှစ်တွင် Tetrapod အလုံး(၂၀၀)အား အသင့်ပြုလုပ်ပြီးနေရာ ချထားနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ၏အပေါ် ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ဒီရေလှိုင်းအန္တရာယ် ကာကွယ်နိုင်ရန်စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ကမ်းခြေပတ်လမ်းတိုးချဲ့ဆောင်ရွက်ရန်အတွက် စနစ်တကျနေရာချထား ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသင့်ပြုလုပ်ပြီး Tetrapod များအား နေရာချထားနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒီရေအတက်အကျ၊ ရာသီဥတုအခြေအနေအပေါ် ဆောင်ရွက်ရသည့်အတွက် သတ်မှတ်ကာလအတွင်း အန္တရာယ်ကင်းရှင်းစွာ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
တင်ထွန်း(ပြန်/ဆက်)