(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် နိုဝင်ဘာ ၁၄

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပထမဆုရရှိကြသော အခြေခံပညာအထက်တန်း ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိကြသော အခြေခံပညာအထက်တန်း ကျောင်းသား/ ကျောင်းသူများအား ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်တရားသူကြီးချုပ်တို့ကလည်းကောင်း၊  တတိယဆုရရှိကြသော အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်အစိုးရ အဖွဲ့ဝင်များကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး သီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးက ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ခဲ့သည်။

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော  သတင်းစကားလက်ကမ်းစာစောင်အား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနား တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)