ပွင့်ဖြူ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန် ရည်ရွယ်၍ သမော်အင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည် ၅ ဒသမ ၄ ဖာလုံရှိပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၀၅ ဒသမ ၇ သန်းဖြင့် လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့်ဒု နှစ်ပေကိုးလက်မ မြေနီကျောက်စရစ်လမ်းအမျိုးအစား ကုန်ထုတ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ယူ၍ ယခုနှစ် ဇွန်လ ၁၉ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုလ ၁၂ ရက်နေ့တွင် ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
ယင်းကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းကြောင့် သမော်အင်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူများအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လွယ်လင့်တကူသွားလာအသုံးပြုနိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)