နတ်မောက် နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ရေငံကျေးရွာအုပ်စု၊ ပ/ကျားထူးကျေးရွာ၌ ကျေးရွာတွင်းလျှပ်စစ်မီးလင်းရေး ၁၆၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ လျှပ်စစ်မီးလင်းရေး ဓာတ်အားလိုင်း ၁၃၆၁၇ ပေ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်က မြစိမ်းကျေးရွာစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် စီမံကိန်းအတိုးရငွေ၏ ၅၀% ဖြစ်သည့် ငွေကျပ် ၂၅ သန်း၊ ပြည်သူထည့်ဝင်ငွေ ၂၁၉ ဒသမ ၆၇၃၃၇ သန်း၊စုစုပေါင်း ၂၄၄ ဒသမ ၆၇၃၃၇ အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၇၀% ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။
လှဝင်း