မကွေး နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၈)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာမှာ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို ရည်မှန်းပြီး ဒီရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာ ကုသမှုပေးခြင်းဆိုတဲ့ နည်းနာ (၃)ရပ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းခန့်က ကျေးလက်မှာနေထိုင်ကြတာဖြစ်ပြီး မြို့ပြနဲ့ အလှမ်းကွာဝေးမှုကြောင့် ဒီပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေနိုင်ရေးဟာ အရေးကြီးပြီး အဓိကကျတဲ့နေရာမှာရှိနေတာဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ အခုလာရောက်ပညာသင်ကြားကြမယ့် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဟာဆိုရင် မြန်မာနိုင်ငံမှာတစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပြီးနိုင်ငံအတွက် အရေးကြီးတဲ့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံကျန်းမာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ဒီတက္ကသိုလ်အနေနဲ့ ပုံမှန်အားဖြင့် ကျန်းမာရေးမဟာသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး)၊ ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)နဲ့ လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်း၊ အခုနှစ်ကစပြီး ကျန်းမာရေးကြီးကြပ်အဆင့်(၁)များအပါအဝင် သင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး) သင်တန်းဟာ(၁၉၈၀)ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၃၇)ကြိမ်မြောက် သင်တန်းအထိ စုစုပေါင်း(၂၇၁၉)ဦး မွေးထုတ်ပြီးဖြစ်တယ်လို့ သိရပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်းဟာ ယခင်က တစ်နှစ်သင်တန်းဖြစ်ပြီး၊ (၃၆)ကြိမ်မြောက် သင်တန်းမှစ၍ (၉)လသင်တန်းအဖြစ် ပြောင်းလဲခဲ့တာဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ သင်ရိုးညွှန်းတမ်းကို ပြန်လည်ဆန်းစစ်ပြီး ယခင်ကပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)နှင့် အမျိုးသမီးကျန်းမာရေးဆရာမသင်တန်းများမှာ သင်ယူခဲ့ပြီး ထပ်နေတဲ့ သင်ရိုးညွှန်းတမ်းအချို့ကို ဖယ်ထုတ်ခဲ့ခြင်းဖြစ်ကာ၊ အရည်အသွေးမထိခိုက်စေရန် စနစ်တကျ အဆင့်ဆင့်ရေးဆွဲခဲ့တာလို့သိရကြောင်း၊ သင်တန်းကာလ (၃)လ လျော့နည်းသွားပေမယ့် ဒီလိုပိုရလာတဲ့ အချိန်အတွင်းမှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာမို့ အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ယူဆပါကြာင်း၊ သင်တန်းတာကာလအတွင်း Module (၃)ခုဖြင့် စာတွေ့/လက်တွေ့သင်ကြားခဲ့ရပြီး Clinical နှင့်ပတ်သက်၍ ဆေးရုံကြီးများတွင် သွားရောက်လေ့လာဆည်းပူးကာ Clinical Posting စာမေးပွဲများကိုလည်း အဆိုပါဆေးရုံကြီးများတွင် ဖြေဆိုခဲ့ရသည်ကို သတိပြုမိကြောင်း၊ သင်တန်းဆင်း မောင်မယ်အပေါင်းတို့အနေနဲ့ သုတေသနလုပ်ငန်းများ အထူးဦးစားပေးဆောင်ရွက်နိုင်မှ ဤတက္ကသိုလ်က ပေးအပ်သော အောင်လက်မှတ်ရရှိနိုင်မည်လို့ သိရှိရကြောင်း၊ ဒီသင်တန်းသာမက အခြားသောကျန်းမာရေး သိပ္ပံဘွဲ့သင်တန်း၊ အလုပ်သင်ဆရာဝန်သင်တန်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင့်(၁)သင်တန်း အသီးသီးကကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ပြီး သုတေသနစာတမ်းကို အဖွဲ့လိုက် အောင်မြင်စွာတင်သွင်း၍ Satisfactory ဖြစ်မှသာလျှင် သက်ဆိုင်ရာ ဘွဲ့/Certificate အသီးသီး ရရှိနိုင်မယ်လို့လည်း သိရကြောင်း၊ ကိုယ့်ဘဝတက်လမ်းအနေနဲ့ ကျန်းမာရေးမဟာ သိပ္ပံဘွဲ့အထိ ဆက်လက်တက်ရောက်နိုင်ရန် လမ်းတွေပွင့်နေပြီဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်ဒေသနေ ပြည်သူများရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးကာ၊ မိမိဘဝတက်လမ်းကိုလည်း မျက်ခြေမပြတ်အောင်ကြိုးစားကြပါလို့ မှာကြားလိုပါကြောင်း၊ သင်တန်းပြီးမြောက်ပြီးလို့ တာဝန်ကျရာဒေသတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြတဲ့အခါ နိုင်ငံ့ဝန်ထမ်းများ ပီသစွာနှင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး ပါမောက္ခချုပ် ဒေါက်တာထွန်းတင်က လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းအကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မောင်ညီညာ