မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

မင်းဘူး နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းစုအောင်က တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသဘော တရားများကို သေချာစွာနားလည်သဘောပေါက်မှသာ သဘာဝဘေးလျော့ပါးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်ရရှိသည့် အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကိုကျ ရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီနှင့် ပရဟိတသင်တန်းသား၊ သင်တန်းသူ ၃၀ ဦး၊ တက်ရောက်ကြကာ သင်တန်းကာလကို နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)