မိုင်းပျဉ်း နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမက (ယမ်းမိုင်) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်းတို့ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးသော်နှင့် ဦးစီးမှူး ဦးစောရန်အောင်တို့က သဘာဝဘေးအန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲအပြီးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာများပါ နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)