မြောင်းမြမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မြောင်းမြ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်  လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က အ.ထ.က (၂) ရေတွင်းရေကန်ကျောင်း၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍စာရေးဆရာကိုရွှေအောင်သင်းက "လူငယ်နှင့်အနာဂတ်နိုင်ငံတော်" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး အ.ထ.က (၂) ကျောင်းမှ တာဝန်ခံဆရာကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက ကျောင်းစာကြည့် တိုက်ကိုလှည့်လည်ကြည့်ရှုခဲ့ပြီး မိမိကိုယ်တိုင်ရေးဖြစ်သည့် "နမ့်မော်မြေက သံယောဇဉ်" စာအုပ်နှင့် စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားသည့် "ရတနာထက်တန်ဖိုးရှိသည့်အရာ လူငယ်ဝတ္ထုတိုများ" စာအုပ်တို့အား ကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် အ.ထ.က (ခွဲ) မြို့ဟောင်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

ဇေယျာ (မြောင်းမြ)