သနပ်ပင်မြို့နယ်၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး

သနပ်ပင် အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ်တွင်ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့မနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲ၌ ပဲခူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန မန်နေဂျာ ဦးသိန်းဆွေဦးက စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် လယ်ယာကဏ္ဍသည် အဓိကအရေးကြီးကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် စားသုံးသူများ ဘေးကင်းရေးသည် အရေးကြီးကြောင်းပြောကြားခဲ့သည်။ ထို့နောက် ပဲခူးခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်စန်းကြည်က စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရာ၌ သီးနှံများတွင်ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်သည် ပြည်ပပို့ကုန်သီးနှံဖြစ်သည့် စပါးနှင့်ပဲကို အဓိကစိုက်ပျိုးကြသဖြင့်  ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကာ ဈေးကွက်ဝင်အောင်ယှဉ်ပြိုင်ရောင်းနိုင်ရေးပူးပေါင်းကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပဲခူးခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ဝင်းဝင်းခိုင်က မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးမြေနမူနာယူခြင်းနှင့် မြေဩဇာကျွေးခြင်း နည်းစနစ်များဆွေးနွေးခဲ့ပြီး ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန်းဝင်းက မျိုးကောင်းမျိုးသန့်မျိုးစေ့ပွားများခြင်းနည်းပညာတို့ကို ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ တောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာရောင်းချသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ထိုနည်းပညာပေးဆွေးနွေးပွဲများကို တောင်သူအကျိုး စီးပွားမြှင့်တင်ပေးနိုင်ရေးနှင့် ပိုးသတ်ဆေးကင်းစင်ပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထုတ်ကုန်များရရှိရေး၊ စိုက်ပျိုးရေးသွင်းအားစုများလျှော့ချ၍ အကျိုးအမြတ်ပိုမိုရရှိနိုင်စေရေးတို့အတွက် မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာနိုင်စေရန် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)