ပေါက်ခေါင်း အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့်ဒေသခံ တောင်သူများသည်ဆောင်းသီးနှံများပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များငှားရမ်း၍ ရိတ်သိမ်းလျက်ရှိပြီး စပါးများလှိုင်လှိုင်ပေါ်လျက်ရှိရာ မိုးစပါးဈေးနှုန်းမှာတင်းတစ်ရာလျှင် ငွေကျပ် ၁၀ သိန်းကျော်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
"ဦးလေးတို့ရွာမှာ မိုးစပါးစိုက်ခင်းတွေ ရိတ်သိမ်းနေပြီဖြစ်လို့ တောင်သူတွေက ဆောင်းသီးနှံ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် အောက်တိုဘာလ တတိယပတ်ကစပြီးရိတ်သိမ်းခြွေ လှေ့စက်များနဲ့ ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ ဒီနှစ်ကမိုးစပါးသီးနှံပေါ်ချိန်မှာ ရတနာတိုး စပါးဈေးက တင်းတစ်ရာကို ငွေကျပ် ၁၀ သိန်းကျော်နဲ့၊ ဗီယက်နမ်စပါးမျိုးက တင်းတစ်ရာကို ၁၀ သိန်းဈေးပဲ အရောင်းအဝယ်ရှိတယ်။ ဒီနှစ်မှာမိုးစပါးစိုက်ခင်းတွေကအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလဲ ကောင်းကြတယ်။ တစ်ဧကကို ပျမ်းမျှ စပါးတင်းရေ ၉၀ ကျော်ထွက်ရှိတယ်။ ဦးလေးတို့ဒေသမှာ အဓိကစိုက်ပျိုးတဲ့ မိုးစပါးမျိုးတွေကတော့ရတနာတိုး၊ ဗီယက်နမ်၊မနောသုခ၊ မှော်ဘီ(၂)၊ရက်(၉၀)၊ ထိုင်းနှံကောက်စတဲ့ စပါးမျိုးတွေကို အများဆုံးစိုက်ပျိုးဖြစ်ပါတယ်"ဟု ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့်ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် မိုးစပါးသီးနှံစိုက်ဧက ၄၆၇၅၇ ဧက လျာထားစိုက်ပျိုးခဲ့သော်လည်း သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လောမင်းကို (ပြန်/ဆက်)