ပန်းတောင်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေ ဘုံသာမုနိစေတီ တော်မြတ်ကြီးအားစွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်+ဇနီးဒေါ်မိုးမိုးလွင်နှင့် ပန်းတောင်းတပ်နယ်ရှိကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့မိသားစုများမှ နေရောင်ခြည် စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၆:၃၀) နာရီအချိန်၌ စေတီတောမြတ်ကြီး၏ ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ သယံဇာတဝန်ကြီး ဦးတင်သိန်း၊ ဥပဒေချုပ်ဦးခင်မောင်တင့်၊ ပန်းတောင်းတပ်နယ်မှူးဗိုလ်မှူးချုပ် ဇော်ထွန်းဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံမှူးဗိုလ်မှူးချုပ်တင့်လှိုင်မှ နေရောင်ခြည်စွမ်းအင်ဆိုလာမီးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အလှူရှင်များ အမည်ကမ္ဗည်းအား ဒေသကွပ်ကဲရေးမှူး၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပန်းတောင်း တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အမွှေးနံ့သာများပက်ဖျန်းခဲ့ကြသည်။
ဆက်လက်၍ ပန်းတောင်းတပ်နယ်မှူးဗိုလ်မှူးချုပ်ဇော်ထွန်းဦးမှ နေရောင်ခြည်စွမ်းအင်ဆိုလာ မီးတပ်ဆင်လှူဒါန်းမှုအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရွှေဘုံသာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့နာယကဦးတင်လှိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် ဂုဏ်ပြု မှတ်တမ်းလွှာများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ ပေးအပ်ရာ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်ထွန်းဦးနှင့် ကာကွယ်ပစ္စည်းထုတ်လုပ်မှု စက်ရုံမှစက်ရုံမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)