ပြည် အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများတက်ရောက်ကြသည်။
ဦးစွာ နံနက် ၅ နာရီခွဲအချိန်တွင် ဗုဒ္ဓမြတ်စွာအမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီး ၁၀ ပါးအပါအဝင် သံဃာတော် ၁၀၈ ပါးတို့ကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး စေတီတော်ရင်ပြင် အာရုံခံတန်ဆောင်း(၄)ခု၌ သံဃာတော် ၂၇ပါးစီဖြင့်ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်ခြင်း၊ စေတီတော်ရှိပုညကရဏ လေးထပ်ဓမ္မာရုံ၌ ဩဝါဒါစရိယဆရာတော်ကြီး ၁၀ပါးနှင့် သံဃာတော် ၉၈ ပါးတို့ကို ပင့်ဖိတ်၍ တရားတော်နာယူပွဲကျင်းပကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ပြုလုပ်သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ရွှေဆံတော်ဂေါပက ဦးမိုးဇင်တို့က ရင်ပြင်တော်ရှိ ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးဆိုင်းဘုတ်ရှေ့၌ ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်/အလှူရှင် ပြည်သူများက ဩဝါဒါစရိဆရာတော်ကြီးများအမှူးပြုသော သံဃာတော် (၁၀၈) ပါးတို့ထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ကြသည်။
ပြည်မြို့ ကျက်သရေဆောင် သမိုင်းဝင်လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ ၁၀ ရက်တိုင်ကျင်းပမည်ဖြစ်ကာ ပွဲတော်ကျင်းပရက်အတွင်း ပျော်ပွဲရွှင်ပွဲများ၊ ကစားကွင်းများ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲနှင့် ပွဲတော်ဈေးဆိုင်တန်းများဖြင့် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)