ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် ရာသီအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်သိရှိကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲများ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများနှင့် သင်တန်းများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များ၊ နွေရာသီကာလ ဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည် အန္တရာယ်နှင့် အပူဒဏ်အန္တရာယ်များအား သတိပြုရှောင် ရှားရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက်  ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ် ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

အေဇာလင်း