ပွင့်ဖြူ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန်ပြည့်ကျေးရွာအုပ်စု၊ ကန်ပြည့်ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ချေးငွေထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းဆိုင်ရာအကြောင်းအရာများ၊ ချေးငွေအတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ လိုက်နာရမည့် တာဝန်နှင့် ခံစားခွင့်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ ထားရှိရမည့် စိတ်ဓာတ်နှင့် တာဝန်ယူမှု တာဝန်ခံမှုများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကန်ပြည့်ကျေးရွာရှိ မြေပဲနှင့် နေကြာသီးနှံ အပါအဝင် အခြား ဆီထွက်သီးနှံများ စိုက်ပျိုးသော အသင်းသား၊ အသင်းသူ ၅၂ ဦးကို စတုတ္ထအကြိမ်မြောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် ၁၀ ဒသမ ၈ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)