ရေနံချောင်း အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ရေနံချောင်းမြို့မဈေးကြီးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်ဘိုလင်းနှင့် ဈေးတာဝန်ခံများ၊ ဈေးကော်မတီဝင်များပူးပေါင်းကာ မြို့မဈေးကြီးနှင့် ပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများအား မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး စနစ်တကျမီးသုံးစွဲမှုရှိ မရှိ၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုရှိ မရှိ၊ မီးလောင်လွယ်သည့်ပစ္စည်းများ သိုလှောင်မှုရှိ မရှိတို့ကို လိုက်လံစစ်ဆေးကာ မီးသတ်ဆေးဘူးနှင့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ အသင့်ဆောင်ရွက်ထားရှိရေး၊ ရေလှာင်ကန်များတွင် ရေဖြည့်တင်းထားရှိရေးနှင့် မီးဘေးလုံခြုံရေးလိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် မြို့မဈေးကြီးရှိ အရေးပေါ်မီးသတ်ရေပိုက်များ၊ မီးသတ်စက်များနှင့် ရေငုတ်များ ကောင်းမွန်မှုရှိ၊မရှိ စစ်ဆေးပြီး မီးသတ်ရေလှောင်ကန်အတွင်း ရေဖြည့်တင်းထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)