အိမ်မဲ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောင်းဝရပ်ကွက်ရှိ မီးသတ်စခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတော်အားမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်တားဆီးစောင့်ရှောက်ရေး တာဝန်အပြင် နိုင်ငံတော်အတွက် အရေးကြုံလာပါက လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ ဝင်များအား မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့် (၁)မီးဘေးလုံခြုံရေး (၂) သဘာဝဘေး အန္တရာယ်ကာကွယ်ရေး (၃)ရှာဖွေကယ်ဆယ်ရေး (၄) ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေးဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အတွင်း ကျေးရွာအသီးသီးမှ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း တက်ရောက်ကြသည့် သင်တန်းသား (၅၀)ဦးအား တာဝန်ရှိသူများက တူညီဝတ်စုံများပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို ချောင်းဝရပ်ကွက်မီးသတ်စခန်း၌ မြို့နယ်မီးသတ်ဦးစီမှူး ဦးဝေယံစိုးနှင့် တာဝန်ရှိသူများ ကအောက်တိုဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာလ (၇)ရက်နေ့အထိ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)