ပေါင်းတည်၌ တောင်သူများ YAR-14 မိုးစပါးများ ရိတ်သိမ်း

ပေါင်းတည် အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများ YAR-14 မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ တစ်ဧက တင်း ၁ဝဝ ကျော်ထွက်ရှိကြကြောင်း ဗျက်ကြီး၊ ကြူတောကန်၊ နတ်ပုတီးနှင့် လယ်ဦးစုကျေးရွာရှိ တောင်သူများထံမှ သိရှိရသည်။

အဆိုပါ တောင်သူများသည် မျိုးသန့်ခြံနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ မျိုးကောင်းမျိုးသန့်များကိုရယူ၍လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သီးသန့်မျိုးစပါးစိုက်ခင်းမှ ထုတ်လုပ်၍လည်းကောင်း၊ မိမိတို့စိုက်ပျိုးမြေများကို သဘာဝမြေဩဇာများဖြင့် နှစ်စဉ်မြေပြုပြင်ကာ သုံးသီးစား စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

ထို YAR-14 စပါးသည် ရေငတ်ဒဏ်ခံနိုင်ရည်ရှိ၍ နွေစပါးရာသီတွင်လည်း စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်း တင်း ၁ဝဝ နှစ်အထက် ထွက်ရှိခဲ့ကြ၍ တောင်သူများ အကျိုးအမြတ်များ ရရှိခဲ့ကြကြောင်း သိရသည်။

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ စီမံကြီးကြပ်မှုနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းတာဝန်ခံ စိုက်ကြပ်ဝန်ထမ်းများ၏ အကူအညီများဖြင့် တောင်သူများသည် အစေ့ချကိရိယာ (Drum Seeder )များကို အသုံးပြု စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ထိုသို့ အစေ့ချကိရိယာများကို အသုံးပြု၍  စိုက်ပျိုး‌ရေးလုပ်သား ၂ ဦး၊ ၃ ဦးဖြင့် စိုက်ပျိုးနိုင်သဖြင့် လုပ်အားခ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း စိုက်ပျိုးပြီးစီးနိုင်ကြောင်း၊ ထိုစိုက်နည်းစနစ်သည် ထွန်ရေးညက်အောင် ထွန်ယက်ထားသော စိုက်ပျိုးမြေများအတွင်း မျိုးစေ့အများအပြားကို အလေအလွင့်မရှိ စနစ်တကျ အတန်းလိုက်ချကာ စိုက်ပျိုးသည့်နည်းဖြစ်ပြီး စပါးအထွက်နှုန်းကောင်းမွန်စေကြောင်း သိရသည်။

ယခု လတ်တလောအချိန်တွင် စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က စိုက်ပျိုးခင်းများအတွင်း ကွင်းဆင်းလေ့လာလျက်ရှိပြီး တောင်သူများ၏ စိုက်ပျိုးထုတ်ကုန်များ ဓာတုကင်းလွတ်နိုင်ရေး၊ သွင်းအားစုများ လျှော့ချနိုင်စေပြီး တောင်သူများ ပိုမိုအကျိုးအမြတ်ရရှိခံစားနိုင်စေရန်  အလေးထားအသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)