အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အောက်တိုဘာလ (၅) ရက်နေ့၊ ညနေပိုင်းကပဲခူးမြို့၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ မီးမျှောပူဇော်ပွဲ၊ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားတို့အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ (၂) ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများတို့သည် သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ မီးအလှဆင်ရုပ်ပုံများနှင့် ရောင်စုံမီးပုံးများ ချိတ်ဆွဲအလှဆင်ထားရှိမှုတို့အား အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများနှင့်အတူ မြတ်ဗုဒ္ဓထံရည်မှန်း၍ မီးကြာခွက် (၂၀၀၀)အား မီးမျှောပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ညပိုင်းအချိန်တွင် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်သည့် MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော်တရားသူကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးအပ်ခဲ့ပြီး ပဲခူးမြို့၊ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ လာရောက်လည်ပတ်အားပေးသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)