ပေါင်းတည် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျီကြီးကုန်းဗုဒ္ဓရုပ်ပွားတော်မြတ် တည်ရှိရာ သာသနာနယ်မြေ၌ ယနေ့ နံနက်ပိုင်းက သီတင်းကျွတ်လပြည့်နေ့၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ကျီကြီးကုန်း ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်နှင့် ဘုရားပုထိုးစေတီများတွင် ပန်း၊ ဆီးမီး၊ ရေချမ်း၊ ဆွမ်းကွမ်းနှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ကြသူများ၊ ကျီကြီးကုန်းရွှေကျောင်းတိုက်ဆရာတော်ထံမှ သီလခံယူဆောက်တည်ကြသည့် ဥပုသ်သည်များနှင့် အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ဧည့်ပရိသတ်များအား နေ့လယ်စာ လှူဒါန်းကျွေးမွေးလျက်ရှိကြသည်။
နေ့လယ်ပိုင်းတွင် သာသနာမြေ သိမ်တော်၌ သံဃာတော်များသံဃပဝါရဏာပြုခြင်း၊ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် နဝကမ္မလှူဘွယ်ဝတ္ထုအစုစုကို စုပေါင်းလောင်းလှူပူဇော်ခြင်းနှင့် အရပ်ရှစ်မျက်နှာမှ ရောက်ရှိလာကြသူများအား စတုဒိသာကျွေးမွေးလှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် ကျီကြီးကုန်း ဗုဒ္ဓရုပ်ပွားတော်ရင်ပြင်၌ ဓမ္မစင်္ကြာဝတ်အသင်းများမှ တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အလှူရှင်များက စတုဒီသာ ကောက်ညှင်းပေါင်းကျွေးမွေးခြင်းနှင့် သာသနာ့နယ်မြေအတွင်း ဆီးမီးငါးထောင် စုပေါင်းထွန်းညှိကာ ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေသား(IPRD)