ပဲခူးမြို့တွင် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကား

ပဲခူး အောက်တိုဘာ

သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ် လူသုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊  လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသော ဂုဏ်ထူးဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့ထူးနေ့မြတ်တွင် ပဲခူးမြို့ရှိ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီး၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ ကျိုက်ပွန်ဘုရား၊ ဟင်္သာကုန်းဘုရား၊ ရွှေဂူကြီးဘုရား၊ ရွှေဂူလေးဘုရား စသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက်ကြသူများသည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာတိုင်များပူဇော်ခြင်းရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း စသည့် ကုသိုလ်ပြုမှုများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)