ပေါင်းတည်၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲကျင်းပ

ပေါင်းတည် အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

ဆက်လက်၌ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ကမ္ဘာ့ဆရာများနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများအား ဦးညွတ်ဂါဝရပြုစကားပြောကြား၍ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများအား ချီးကျူးဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းနောက် ထူးချွန်ဆုရ ဆရာ၊ ဆရာမများနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် မြတ်ဆရာပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ဦးစွာမြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုဧည့်ခံ‌‌ဖျော်ဖြေခဲ့ကြပြီး ပေါင်းတည်မြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသောအငြိမ်းစား ဆရာကြီး ဆရာမကြီးများအား တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်းကောင်း၊ဆရာ ဆရာမအပေါင်းအား ကျောင်းသား၊ ကျောင်းသူများကလည်းကောင်း အသီးသီးပူဇော်ကန်တော့ကြပြီးနောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီးတစ်ဦးက ဩဝါဒအမှာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေသား