ရွှေကျင် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့နံနက် (၈) နာရီအချိန်မှစ၍ ဝါကျွတ်ကာလ ကုသိုလ်တော်အဖြစ် ရှင်ဥပဂုတ္တမထေရ်မြတ် မြို့နယ်အတွင်း လှည့်လည်ပူဇော်ခံပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ပူဇော်ပွဲကို နှစ်စဉ်သီတင်းကျွတ်ကာလလပြည့်နေ့ မတိုင်မီတစ်ရက်မှစတင်ကာ ရှင်ဥပဂုတ္တမထေရ်မြတ်အား ကိန်းဝပ်စံပယ်ရာ ပျဉ်းမပင်ရပ်ကွက် စံကျောင်းတော်ပေါ်မှ ပင့်ဆောင်ကာ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံခြင်း၊ လှည့်လည်အပူဇော်ခံရာတွင် အကများ၊ ဓမ္မစက္ကြာအသင်းများက ဝတ်ရွတ်ပူဇော်လိုက်ပါကြပြီး နေလယ်ပိုင်း၌ ရွှေကျင်ချောင်းထဲရှိ ဖောင်တော်ပေါ်တွင် အပူဇော်ခံထားရှိပြီး သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ ညနေပိုင်း (၆) နာရီခန့်တွင် ရွှေကျင်ချောင်းမှတဆင့် စစ်တောင်းမြစ်အတွင်းသို့ အပူဇော်ခံရန် ရေချပွဲ ပြုလုပ် ကြမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်