ကန့်ဘလူမြို့၌ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်း ဆောင်ရွက်

ကန့်ဘလူ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းများကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အချက်အလက်များ၊ MEVM အသုံးပြုခြင်းရည်ရွယ်ချက်၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးပုံ၊ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံနှင့် မဲရုံခင်းကျင်းမှုပုံစံတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြမဲပေးကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်ချိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိနှင့် ဝန်ထမ်းများ၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူ စုစုပေါင်း ၁၁၅ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)