ကန့်ဘလူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၄

ဒေသတွင်းအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေနိုင်ရန်၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၂၉ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦးက ဒေသတွင်းလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်ပြီး မိသားစုဝင်ငွေရရှိအောင် သင်တန်းမှ သင်ကြားပေးသည်များကို ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးဇေယျာကျော်က သင်တန်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းတွင် ထူးချွန်ဆုရအဖွဲ့တို့အား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်သူဇာနှင်း(မဒေါင်းလှကျေးရွာ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလ ငါးရက်ကြာတွင် ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)