ဝန်းသို အောက်တိုဘာ ၂
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် MEVM စက်ဖြင့် မဲပေးနည်းအသိပညာပေးနှင့် လက်တွေ့မဲပေးသရုပ်ပြသမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အမှတ်(၁၁၁) ခြေမြန်တပ်ရင်းရှိ မဲလခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူကျော်က အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့မဲပေးနည်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့မှ MEVM မဲပေးစက်ဖြင့် မဲပေးနည်းကို ပြည်သူများအား အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မဲဆန္ဒရှင်ပြည်သူများကိုယ်တိုင် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပြီး အမှတ် (၇၇၂)၊ နည်းဗျုဟာအဖွဲ့၊ ခေတ္တနည်းဗျုဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ဟိန်းရန်လင်း၊ ကောလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ (အဖွဲ့ဝင်) ၊ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစည်သူကျော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ (၁၄)ရက်ကြာ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားရှိမှုအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)