ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်း (၃/၂၀၂၅-၂၀၂၆) ဖွင့်ပွဲကျင်းပ

ကလေး အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်း (၃/၂၀၂၅-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မော်အေးက သင်တန်းသူများအနေဖြင့် စာတွေလက်တွေ့သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူ၍ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်သော အမျိုးသမီးကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှု ဦးထထိုက်တန်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်လမ်းဖွဲ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုး သင်တန်းသုံးပစ္စည်းများကို သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများမှ သင်တန်းဖွင့်လှစ်ရန်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုခဲ့ကြသည်။ အဆိုပါ သင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)