မအူပင် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ အရောင်းဆိုင်များ၌ အရည်အသွေးနိမ့် ဓာတ်မြေဩဇာများ ရောင်းချနေမှု ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြပါဝင်သည့်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာ၌ မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ပူးပေါင်းအဖွဲ့မှ ဓါတ်မြေဩဇာအရောင်းဆိုင်များတွင် ရောင်းချနေသော လယ်ယာမြေသုံးသွင်းအားစု အရည်အသွေးနိမ့် မြေဩဇာများ ပြန်လည်ထုပ်ပိုးပြီး အတုများပြုလုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ ဈေးကွက် အတွင်းရောင်းချနေသော ဓါတ်မြေဩဇာများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိ/မရှိများအားစစ်ဆေးပြီး ဈေးကွက်အတွင်း သက်ဆိုင်ရာဌာနများက တားမြစ်ပိတ်ပင်ထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓာတ်မြေ ဩဇာနှင့်ပိုးသတ်ဆေးများသာ တင်သွင်းရောင်းချရန်၊ တောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ သုံးစွဲပုံအညွှန်းအား မြန်မာစာဖြင့် တိတိကျကျဖော်ပြထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများသာ ရောင်းချကြရန် လုပ်ငန်းရှင်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးဓာတ်မြေ ဩဇာအရောင်း ဆိုင်များဖြစ်သည့် တက်နေဝန်း၊ မိဘမေတ္တာ၊ မွန်းလိုက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်