သထုံ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား။ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ (ဘုရားကြီးတောင်ဘက်) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးအေးစိုးက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာစာပေများကိုပါ လေ့လာဖတ်ရှုကြရေး တို့ကို ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ် ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ် ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှု အန္တရာယ်သတိပြုကာကွယ်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)