အုတ်တွင်း သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းမြို့ရှိ ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းဖြတ်သန်းရာ ကျေးရွာ အချို့မှာ ရေကျော်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ နှင့်ဒေသခံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ၊ ပစ္စည်းဆုံးရှုံးမှုများ မရှိပါ ကြောင်း ယခုအခါ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အုတ်တွင်းမြို့နယ်အတွင်း ညောင်ခြေထောက်ကျေးရွာ အုပ်စု ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၁၃၄/၁ နှင့် ၁၃၅/၁ အကြားတွင်လည်းကောင်း ၊ ၁၄၁/၃ နှင့် ၅ အကြားတွင် လည်းကောင်း ၊ ၁၄၃/၂ နှင့် ၄ အကြားတွင် လည်းကောင်း ရေကျော်မှုများဖြစ်ပေါ်ခဲ့ရပြီး ယာဉ်ကြီး ယာဉ်ငယ်များ သွားလာမှုကို ခေတ္တခဏ ရပ်ဆိုင်း ထားရှိခဲ့ ကြောင်း တာဝန်ရှိသူများ အသီးသီးကလည်း ယာဉ်ကြော ပိတ်ဆို့ပြတ်တောက်မှုမရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ခဲ့ကြသဖြင့် ရေကျော်မှု လျော့နည်းသွားသဖြင့် ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုထားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ထို့အတူ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ပြည်-ပေါက်ခေါင်း ကားလမ်းမိုင်တိုင်အမှတ် ၁၀၇/၃ နှင့် ၄ အကြားတွင် မြေပြိုခြင်းကြောင့် ခေတ္တယာယီလမ်းပိတ်ထားခဲ့ရာမှ မြို့နယ်ရှိ တာဝန်ရှိသူများ ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ ၊ လူမှု ကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံများက ဝိုင်းဝန်းပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ မော်တော်ယာဉ် များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)