အုတ်တွင်းဆေးရုံကြီးအတွင်း ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆေးရုံရှိတက်ရောက်ကုသနေသော လူနာများအား လွှဲပြောင်းဆောင်ရွက်

အုတ်တွင်း သြဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ကုတင်(၂၅)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း ယမန်နေ့ ည ၁၂ နာရီအချိန်က မိုးရေများဝင်ရောက်မှုကြောင့် ဆေးရုံအတွင်း ရေလျှံမှုများဖြစ်ပေါ် ခဲ့သဖြင့် တက်ရောက်နေသော လူနာများအား ယနေ့ နံနက် ၃ နာရီအချိန်က လွှဲပြောင်းဆောင်ရွက်ထားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထံမှ သိရှိရသည်။

အဆိုပါ ဆေးရုံကြီးအတွင်း တက်ရောက်ကုသနေသည့် လူနာ(၃၉)ဦးရှိပြီး လူနာ (၄)ဦးအား တောင်ငူ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးထားကြောင်း၊ ကျန်လူနာများကို ဆေးရုံမှ ဆင်းခွင့်ပြုထား​ခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုး၏ ပြောကြားချက်အရ သိရပြီး အဆိုပါ ဆေးရုံအတွင်း ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်း ၁၂၀ ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် အနိမ့်ပိုင်းကျေးရွာများရှိ လူနေအိမ် အချို့တွင် ရေများဝင်ရောက်လျက်ရှိပြီး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)