စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်

မုံရွာ သြဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (AIIP) စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများအတွက် စတုတ္တအကြိမ်မြောက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)သင်တန်းကို ယနေ့ နံနက်(၈)နာရီ(၃၀)မိနစ်က စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ယနေ့သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်က အမှာစကားပြောကာ ဖွင့်လှစ် ပေးခဲ့ကြောင်း သင်တန်းသို့ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း ဧရိယာအတွင်းရှိ ကန့်ဘလူ၊ အရာတော်၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့မှ စိုက်ပျိုးရေး ဝန်ထမ်း(၆၀)တို့ တက်ရောက်ကြောင်း သိရသည်။

“အခုသင်တန်းကတော့ ဒုတိယအကြိမ်အဖြစ် စီမံကိန်းဧရိယာ အတွင်းမှာရှိတဲ့ မြို့နယ်(၅)မြို့နယ်က စိုက်ပျိုးရေး ဝန်ထမ်းတွေကို ဖွင့်လှစ် သင်ကြားပေးတာဖြစ်တယ်၊ ပထမအကြိမ်မှာက စီမံကိန်းဧရိယာအတွင်းမှာရှိတဲ့ မြို့နယ်(၄)မြို့နယ်က စိုက်ပျိုးရေးဝန်ထမ်းတွေကို ဇူလိုင်လ နောက်ဆုံးပတ်က အခုလို(၄)ရက်ကြာ ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒီကနေ့သင်တန်း စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဖော်ဆောင်နေတဲ့ ဒေသအတွင်းက တောင်သူတွေအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမဲ့ နည်းပညာတွေကို သင်ကြားပေတာဖြစ်ပါတယ် ”ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်က ပြောသည်။

အဆိုပါ သင်တန်းတွင် မြေဆီလွှာပြသနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဒေသအလိုက် ဆောင်ရွက်ထားရှိသော စမ်းသပ် ကွက်ရလဒ်များ၏ သုံးသပ်အကြံပြုချက်များကို တောင်သူများဆီသို့ ပေးပို့ ပညာပေးခြင်း၊ တောင်သူပညာပေး လုပ်ငန်းများကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊Tablet ကိုအသုံးပြု၍ IT အခြေခံပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ပုံနည်းစနစ်များ စသည့်ဘာသာရပ်များကို သင်ကြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)