ဟင်္သာတ ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ဧရိယာအတွင်းရှိ မြို့၊ ရွာနှင့် သီးနှံစိုက်ခင်းများ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ဧရာဝတီ ဟင်္သာတတာ တာမိုင်အလျား - ၁၅ မိုင် ၅ ဖာလုံကို လည်းကောင်း၊ ဟင်္သာတ - ကမ်းနားတာ တာမိုင် ၆ မိုင် ၅ ဖာလုံကို လည်ကောင်း၊ ဧရာဝတီ-ဟင်္သာတ တာနှင့် ဟင်္သာတ-ကမ်းနားတာကြား ရေကြီးတိုက်စားမှု ကာကွယ်ရန်၊ အင်းမပန်းတာ၊ ဦးမိုးလေး ဖြတ်တာ (၁) ၊ ဖြတ်တာ (၂)၊ ဖြတ်တာ (၃) တို့ကို တည်ဆောက်ထားရှိသည့် အနက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဦးမိုးလေးဖြတ်တာ (၁) မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး တာတမံအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိ ကြောင်း သိရသည်။
“တာတမံပြိုကျပျက်စီးနိုင်မှု အခြေအနေရှိသဖြင့် ဇူလှိုင်ပထမပတ်ကစတင်၍ လူနေအိမ်အချို့ ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်ခဲ့သောကြောင့် တာတမံအတွင်းတွင် ရေဝင်နစ်မြုပ်သည့် အိမ်ခြေအနည်းငယ်သာ ရှိတော့ပြီး အဆိုပါအိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေကြောင်း အိပ်ပျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။
ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးမိုးလေး ဖြတ်တာ (၁) ရေတိုက်စားပြီး ပျက်စီးခဲ့ပါက ဦးမိုးလေးဖြတ်တာ (၁) နှင့် ဖြတ်တာ (၂) အကြားရှိ ကျေးရွာ (၄) ရွာရှိ အိမ်ခြေစုစုပေါင်း (၉၆၀) လုံး၊ ဘုန်းကြီးကျောင်း (၄) ကျောင်း၊ စာသင်ကျောင်း (၄) ကျောင်းတို့ ရေဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် ဦးမိုးလေး ဖြတ်တာ (၁) ၏ နောက်ဘက်ပေ (၁၀၀၀) ခန့်အကွာ၌ ဖြတ်တာအသစ်အား ၂၀၂၀ ပြည့်နှစ် မိုးမကျမီက တည်ဆောက်ကာကွယ်ပေးထားပြီး ယင်းဖြတ်တာသစ်၏ အနောက်တွင် ယခင်တည်ဆောက်ထားသည့် ဖြတ်တာ (၂)၊ ဖြတ်တာ (၃) တို့ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ဖွယ်ရာ မရှိနိုင်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)