ပေါင် စက်တင်ဘာ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီကပေါင်မြို့နယ်(အထက) နတ်ကြီးချောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး (အထက) နတ်ကြီးချောင်ကျောင်းမှ Grade-11 ကျောင်းသား မောင်မင်းချမ်းမွန်က လူငယ်နှင့်စိန်ခေါ်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မသွန်းအိကိုက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မသီရိမြတ်နိုးလင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်စိုးထက်ပိုင်က လူငယ်နှင့်ခေတ်ရေစီးကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မအက်စတာကိုက လူငယ်နှင့်ပလတ်စတစ်အန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့ပြီး (အထက)နတ်ကြီးချောင်ကျောင်းမှ ကျောင်းဆရာ ဦးစောနိုင်လင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အထက) နတ်ကြီးချောင်ကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား/ ကျောင်းသူ (၂၃၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)