ဖောင်းပြင် စက်တင်ဘာ ၂
ဖောင်းပြင်မြို့၌ ဒေသထွက်ဝက်အစာဖွဲနှင့် ဆန်ကွဲဈေးနှုန်းချိုသာပြီး ဝက်သားဈေးကောင်းသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း မွေးမြူရေးလုပ်ကိုင်သူ ဦးမြင့်ဆွေထံမှသိ ရသည်။
" လက်ရှိမှာက ဝက်သားဈေးနှုန်း တစ်ပိဿာကို ငါးသောင်းလောက်ရှိတော့ ဝက်လိုင်စင်ကလည်း ဈေးကောင်းပေးဝယ်နေပါတယ်။ ကျွန်တော်တို့ဒေသကထွက်တဲ့ ဖွဲနု၊ ဖွဲကြမ်းနဲ့ ဆန်ကွဲကလည်း ဈေးနှုန်းချိုတော့ ဝက်မွေးရတာတွက်ခြေကိုက်ပါတယ်။ ဝက်အကောင်ရေများများမွေးနိုင်တဲ့သူက ပိုပြီးတော့ စီးပွားဖြစ်ပါတယ်။" ဟု ၎င်းကပြောပြသည်။
ဝက်မွေးမြူရေးအစာအဖြစ် မွေးမြူရေးအစာအိတ်နှင့် ဒေသထွက်ဖွဲနှင့်ဆန်ကွဲတို့ကို အသုံးပြုကာ ဝက်မွေးမြူရေးကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်လုပ်ကိုင်သူများရှိပြီး လက်ရှိတွင် ဒေသထွက် အစာများကိုအားပြု၍ မွေးမြူရေးလုပ်ကိုင်သူ များပြားလျက်ရှိကြောင်း၊ မွေးမြူရေးအစာအိတ် ကျွေး၍မွေးမြူပါက ၄ လအတွင်း ဈေးကွက်သို့ ရောက်ရှိနိုင်ကြောင်း၊ ဒေသထွက်ဖွဲနှင့်ဆန်ကွဲကျွေး၍ မွေးမြူပါက ၈ လမှ တစ်နှစ်အထိမွေးမြူ ရကြောင်းသိရသည်။
မွေးမြူရေးအတွက် ဝက်သားပေါက်တစ်ကောင်လျှင် ၅၀၀၀၀၀ မှ ၅၅၀၀၀၀ ကျပ် ဈေးနှုန်း အသီးသီးရှိကာ ဈေးကွက်သို့ရောက်ရှိချိန်အထိ စုစုပေါင်းကုန်ကျစရိတ် ၈၀၀၀၀၀ ကျပ်အထိရှိကြောင်း၊ ရောင်းချရပါက ၁၈၀၀၀၀၀ ကျပ်အထိ ဈေးရရှိပြီး မွေးမြူရေးလုပ်ကိုင်ခြင်းဖြင့် စားဝတ်နေရေးအပြင် စီးပွားရေးအဆင်ပြေလျက်ရှိကာ ဝက်မွေးမြူရေးကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)