မင်းဘူးမြို့၌ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုင်းဘုတ်ပိုစတာစိုက်ထူဖွင့်ပွဲ ပြုလုပ်

မင်းဘူး စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ညနေ ၃ နာရီအချိန်က  မင်းဘူးမြို့ ကျွဲသိုးမြောင်ကျေးရွာ ဧရာဝတီမြစ်ကူး တံတားထိပ်၊ မင်းဘူး-မကွေး ကားလမ်းမကြီးဘေးတွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုင်းဘုတ်ပိုစတာစိုက်ထူဖွင့်ပွဲ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုင်းဘုတ်စိုက်ထူပွဲတွင် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် စီမံအဖွဲ့ဝင်များ၊ မကွေးမြို့ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေးတပ်ဖွဲ့စုမှူး ရဲမှူးကျော်လင်းနှင့် အဖွဲ့ဝင်များက “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့”  ဆိုင်းဘုတ်ပိုစတာကို စိုက်ထူခဲ့ကြောင်း သိရသည်။ မကွေးမြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုအနေဖြင့် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများကို မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူး ရဲမှူးကျော်လင်းထံမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)