ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့၊ ရွေးကောက်ပွဲ အောင်မြင်ရေး အသိပညာပေး

ဆိပ်ဖြူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေငွေများပေးအပ်ခြင်းနှင့် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများ အသိပညာပေးရှင်းလင်းပြောကြားခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မကြာမီအချိန်ကာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်သည်။

ဆိပ်ဖြူမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူ (၁)ဦးအတွက် တစ်လ ၂၀၀၀၀ ကျပ်နှုန်းဖြင့် သုံးလစာ ၆၀၀၀၀ကျပ် ထောက်ပံ့ပေးအပ်ပြီး စာရင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ၃၄၆၂ ဦးအတွက် စီမံဆောင်ရွက်ပေးအပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)