တောင်တွင်းကြီးမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၁၀ နာရီအချိန်က ကုက္ကိခွကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်းလုပ်ငန်းများအား သိရှိနားလည်စေရန် အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဘက်စုံသုံးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွဲ့အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ရွေးကောက်ပွဲအရာရှိ ဦး‌ပြည့်မောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင်ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများမှ မဲပေးပိုင်ခွင့်ရှိခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများနှင့်ပတ်သက်သည့်အချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား နေ့စဉ်မြို့နယ်တွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင်(ပြန်/ဆက်)