ဆင်ပေါင်ဝဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုး၊ ညံတောအင်း၊ မကြီးကုန်း၊ ဘော်မြင့်၊ ကျောက်ဆောင်စမ်း၊ ဝါးရှိကျေးရွာအုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ဆင်ပေါင်ဝဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများ မဲပေးပိုင်ခွင့်ရှိခြင်း၊ မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် အလုပ်လုပ်ပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင် ပြည်သူများက လက်တွေ့အသုံးပြုစမ်းသပ်ခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တစ်ကျ မဲပေးနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်းတို့ကို မြို့နယ်အထွေထွေအုပ်​ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ဆင်ပေါင်ဝဲမြို့နယ်၊ အဆိုပါကျေးရွာအုပ်စုများတွင် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)