မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မင်းဘူး စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဥယျာဥ်ဇင်ကျေးရွားအုပ်စု သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူပညာပေးသင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်း၌ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူလျက်ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကိုကျင်းပရာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာအုပ်စုပေါင်း (၁၅)ရွာမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ အခြေခံပညာကျောင်းများအတွက် စာသင်ကျောင်းဆောင်နှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ အသစ်တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက်ကုန်ထုတ်လမ်းများ တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရန်ခက်ခဲသော ဒေသများ၌ မြေအောက်ရေတွင်းအား ဆိုလာစနစ် တပ်ဆင်အသုံးပြုဆောင်ရွက်ပေးနိုင်ရေးနှင့် မိုဘိုင်းဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး၊ လျှပ်စစ်မီးမရရှိသေးသော ဒေသများ၌ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်ပေးနိုင်ရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးစရိတ်ချေးငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ချေးပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အဆိုပါကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများထံ ရုပ်သံလွှင့်စက်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)