ချောင်းဆုံမြို့နယ်၌ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပ

ချောင်းဆုံ ဩဂုတ် ၃၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မြို့နယ်အဆင့် ကရင်ရိုးရာတော်သလင်းလ စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အခမ်းအနားကို ဩဂုတ်လ (၃၁) ရက်နေ့က ကော့ကဒဲ့ကျေးရွာ (အမက) ကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းနာယက ဆရာတော်က ဩဝါဒစကားမြွက်ကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနား ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ရန်ပုံငွေကျပ် (၁၀) သိန်းအား ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်တစ်ဦးက တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံနှင့် ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် ပါဝင်သော ပစ္စည်း (၇) မျိုးအကြောင်း ရှင်းတင်းပြခြင်းနှင့် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်တွင် လူကြီးမိဘများ၊ ကလေးလူငယ်များ၊ တက်ရောက်လာကြသော ဧည့်သည်တော်များကို ချည်ဖြူဖွဲ့ပေးခဲ့ကြကြောင်းနှင့် မြို့နယ်အတွင်း ကျေးရွာ (၆) ရွာမှ ကရင်တိုင်းရင်းသားမောင်မယ်များ တက်ရောက်ခဲ့ကြပြီး ထမင်း၊ ဟင်းဖြင့် ဧည့်ခံကျွေးမွေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)