စလင်း သြဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါင်းနားရပ်ကွက်နှင့် ကျေးရွာများဆက်သွယ်သည့် ကုန်ထုတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေသားလမ်းကျောက်စရစ်လမ်းမှသည် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ (၈၀) ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်မှုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စလင်းမြို့နယ်၊ ပေါင်းနားရပ်ကွက်နှင့် ကျေးရွာချင်းဆက်ကုန်ထုတ်လမ်းအား မြေသားလမ်း ကျောက်စရစ်လမ်းမှသည် ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ရန် ၂၀၂၅-၂၀၂၆ ခုနှစ် သြဂုတ်လ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ လမ်းအရှည် (၄၉၅)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၈) လက်မတို့ဖြင့် ကာလတန်ဖိုးငွေကျပ် (၄၆.၁၈)ကျပ်သန်း အကုန်အကျခံဆောင်ရွက်နေမှုများ၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆောင်ရွက်နေမှုများကို အမှုဆောင်အရာရှိနှင့် မြို့ပြအင်ဂျင်နီယာတို့မှ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းပြီးစီးမှုအားဖြင့် (၈၀) ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မောင်လွင်(စလင်း)