သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးယခုအခမ်းအနားတက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့်အရာအားလုံးကိုဉာဏ်ပညာနှင့်ဆန်းစစ်၊ သုံးသပ်၊ ဆုံးဖြတ်ဆောင်ရွက်နိုင်ရန်အတွက်ကျောင်းသင်ခန်းစာများ၊ ဘဝအတွေ့အကြုံများမှသင်ယူနိုင်သကဲ့သို့ စာအုပ်စာပေဖတ်ရှုခြင်းကတစ်ဆင့်လေ့လာသင်ယူကြရန်နှင့် စာကြည့် တိုက်များကိုသုံးပြီး အကျိုးရှိသည့် စာအုပ်စာပေများကို များများဖတ်ရှုကြရန် တိုက်တွန်းခဲ့သည်။

ယင်းနောက် သရက်ခရိုင်ဥပဒေအရာရှိဦးလှမြင့်က "ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" အကြောင်းရှင်းလင်းဟောပြောပြီး လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဗဟိုဌာနကဖြန့်ဝေသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဗီဒီယိုအားပြသသည်။ ယင်းနောက် သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူးဒေါ်နေမျိုးပိုင်က "လူငယ်များဖတ်ရှုသင့်သောအတ္ထုပ္ပတ္တိစာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သရက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သူဇာထွန်းက "ကြိတင်ကာကွယ်သဘာဝဘေးအန္တရာယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးကျော်ဇောက "ယာဉ်စည်းကမ်း လမ်းစည်းကမ်း "တို့ကိုအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)