မော်လမြိုင် ဩဂုတ် ၃၀
မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အားကစားကိုမြတ်နိုးတန်ဖိုးထားပြီး ပြည်နယ်၏အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩ ဂုတ်လ ၂၉ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားကွင်းအတွင်းသို့နေရာယူခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ပြည်နယ်ရဲ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်အောင်ဘက်ပေါင်းစုံမှဆောင်ရွက်နေသလို အားကစားကဏ္ဍဘက်စုံတိုးတက်မြင့်မားရေးအတွက် အရှိန်အဟုန်မြှင့်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားပြိုင်ပွဲများရှိသည့်အနက်မှ ဘောလုံးအားကစားပြိုင်ပွဲကို အများပြည်သူများ အထူးအားပေးကြိုက်နှစ်သက်ကြပြီး ထူးချွန်ထက်မြတ်၍ အလားအလာရှိသောအားကစားသမားလူငယ်လူရွယ်များနှင့် မျိုးဆက်သစ်လူငယ်ဘောလုံး အားကစားသမားများပေါ်ထွက်ရရှိရေးအတွက် စဉ်ဆက်မပြတ်မွေးထုတ်ပေးကြစေလိုကြောင်း၊ အားကစားသမားများအနေဖြင့် ဘောလုံးအားကစားနည်း၏ခေတ်မီနည်းစနစ်တွေကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး အားကစားအဆင့် အတန်းမြင့်မားစေရေးနှင့် ပြည်နယ်အတွက်ရော နိုင်ငံအတွက်ပါအားထားရသည့်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းမှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ်မုဒုံမြို့နယ်ဘောလုံးအသင်းနှင့် ရေးမြို့နယ်ဘောလုံးအသင်းတို့ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ မွန်ပြည်နယ်(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)