မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ပထမနေ့ မျက်စိဝေဒနာရှင် ၇၄၆ ဦးအား အခမဲ့ စစ်ဆေးကုသပေး

မုံရွာ ဩဂုတ် ၃၀

သဲဖြူဆရာတော်ကြီးဦးဆောင်မှု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မုံရွာမြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ ပထမနေ့မှစတင်၍ (၂.၉.၂၀၂၅) ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပင်စင်စားဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှ သတ်မှတ်သည့် ရက်အလိုက် လာရောက်ပြသဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဩဂုတ်လ ၂၉ ရက်နေ့ ပထမရက်နေ့တွင် မျက်စိဝေဒနာရှင် (၇၄၆)ဦးအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ပထမရက်နေ့တွင် မျက်စိဝေဒနာရှင် (၇၄၆)ဦးအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်နေမှုတို့အား သဲဖြူဆရာတော်ကြီး ဦးဆောင်ပါဝင်မှုနှင့်အတူ အလှူရှင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍လည်း သတ်မှတ်ရက်များအတွင်း ကျန်ရှိအမည်စာရင်းပေးသွင်းထားသော မျက်စိဝေဒနာရှင်များအားလုံးကို အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ ခွဲစိပ်ရန်လိုအပ်မည့် မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိပ်ကုသပေးမည်ဖြစ်ကြောင်းနှင့်  ခွဲစိပ်ရမည့် မျက်စိဝေဒနာရှင်လူနာနှင့်အတူ လူနာစောင့် ၁ ဦးတို့အား တည်းခိုနေထိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေထိုင်စဉ်အချိန်ကာလတွင် အခမဲ့ ကျွေးမွေးဧည့်ခံပေးမည်ဖြစ်ကြောင်း မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးမှ သိရသည်။

ထို့နောက် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီး၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ် ဆေးအလှူတော် ရေစက်ချပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တက်ရောက်လာသော သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးနှင့် ပင့်သံဃာတောများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပေးကြသည်။

ဦးစွာ သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များအပြင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က မျက်စိဝေဒနာရှင်များအတွက် အလှူငွေအား သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ဆရာတော်ကြီးနှင့် အဖွဲ့သည် ရွှေစည်းခုံသာသနာ့ဗိမာန်တွင်ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်မိသားစုများ၏ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)