သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရဒါနပြုခြင်းများ ဆောင်ရွက်

သဲကုန်း ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရဒါနပြုခြင်းများကို ယမန်နေ့ ၉ နာရီက ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရဒါနပြုခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်းများ၊ ကျန်းမာရေးဝန်ထမ်းများက အာဟာရဒါနအဖြစ် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၅ လုံးနှင့် အားဖြည့်အချိုရည်နှင့် မုန့်များ ဝေငှပေးခဲ့ကြသည်။

ထိုနောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဦးစိုးမင်းထွေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်‌ ဖြစ်ပွားနေ‌သည့် ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးခဲ့သည်။

သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက ​စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)