ဖြူးမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ မဲပေးခြင်း လက်တွေ့သရုပ်ပြ

ဖြူး သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် သိမ်ကုန်းရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါရပ်ကွက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် တက်ရောက်လာကြသော ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်သည် အင်တာနက်ချိတ်ဆက်ထားမှုမရှိခြင်း၊ လျှပ်စစ်ဓာတ်အားမလိုဘဲ ဆိုင်ကယ်ဘထ္ထရီဖြင့် အသုံးပြုနိုင်၍ မီးမလိုကြောင်း၊ ဆန္ဒမဲပေးမည့်သူများအတွက်သာမက မဲရေတွက်ရာ၌လည်း မြန်ဆန်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်းပြီးစီးခြင်း၊ မဲရုံများ၌ တပ်ဆင်ထားသည့်စက်များတွင် လူတစ်ဦးလျှင် (၂)ကြိမ်မဲပေး၍မရခြင်း၊ စသည့်အားသာချက်များရှိကြောင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဦးအေးဇော်အောင်က ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများ တစ်ဦးချင်းအလိုက် မဲပေးပုံ မဲထည့်နည်းတို့အား လက်တွေ့ပြုလုပ်ဆောင်ရွက်စေကာ မဲရလဒ်တွက်ချက်မှုအခြေအနေများအား လက်တွေ့ရှင်းလင်းပြသခဲ့ကြောင်းနှင့် ထိုကဲ့သို့ အသိပညာပေးခြင်းများကို ရပ်ကွက်/ ကျေးရွာအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)