ပွင့်ဖြူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကံသာကြီး ကျေးရွာအုပ်စု၊ လယ်ဖီလာကျေးရွာ၌ ၁၀ ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ၊ စီမံကိန်းမူဘောင်များ၊ အတိုးနှုန်းနှင့် စီမံကိန်းစက်ဝန်းကာလသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က လယ်ဖီလာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၂ ဒသမ ၆၅ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လယ်ဖီလာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၄ ဦးကို ငွေကျပ် ၂၀ ဒသမ ၃၅ သန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၈၁ ဦးကို ငွေကျပ် ၂၉ ဒသမ ၃၅ သန်း ၊ အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ ၈ ဦးကို ငွေကျပ် ၂ ဒသမ ၉၅ သန်း ၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၁၄၃ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၂ ဒသမ ၆၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )